Powered by Blogger.

ရဲနဲ့ဓားပြ လုပ်တမ်းကစားရင်း ညီဖြစ်သူကို သေနတ်နဲ့ ပစ်သတ်မိခဲ့တဲ့ ခြောက်နှစ်အရွယ် ကလေး




အသက်ခြောက်နှစ်အရွယ် ကလေးငယ်တစ်ဦးဟာ ရဲနဲ့ ဓားပြလုပ်တမ်းကစားရင်း အဖေဖြစ်သူရဲ့သေနတ်နဲ့  ညီငယ်ကို ပစ်သတ်မိမှုဖြစ်ပွားခဲ့ပါတယ်။

ညီဖြစ်သူ Eian Santiago ဟာ ဦးခေါင်းမှာ ပြင်းထန်တဲ့သေနတ်ဒဏ်ရာရရှိကာ စနေနေ့ ညမှာပဲ ချီကာဂိုဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။

ချီကာဂိုရဲဌာနပြောရေးဆိုခွင့်ရှိသူ Anthony Guglielmi ရဲ့ပြောကြားချက်အရ အသက်ခြောက်နှစ်အရွယ် အစ်ကိုဖြစ်သူဟာ ရေခဲသေတ္တာပေါ်က ခြောက်လုံးပြူးသေနတ်ကိုတွေ့ ရှိပြီးနောက် သေနတ်ကိုယူကာ ညီဖြစ်သူဆီ ပစ်လိုက်တာဖြစ်ကြောင်း သိရပါတယ်။

ညီအစ်ကိုနှစ်ယောက်ရဲ့အဖေဖြစ်သူ၊ အသက် ၂၅ နှစ်အရွယ် Michael Santiago ကို ဖမ်းဆီးခဲ့ပြီး ကလေးငယ် အန္တရာယ်ဖြစ်စေမှုပြစ်မှုနဲ့ တရားစွဲဆိုထားပြီး တနင်္ဂနွေနေ့ ကရုံးထုတ်ခဲ့ပါတယ်။

အစိုးရရှေ့ နေ Joseph DiBella က Michael ဟာ မှောင်ခိုဝယ်ယူခဲ့တာဖြစ်ပြီး ကျည်အပြည့်ဖြည့်ထားကာ ကလေး ည၀တ်ဘောင်းဘီနဲ့ ထုပ်ကာ ရေခဲသေတ္တာပေါ်တင်ထားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“ တရားခံဟာ အသက်ခြောက်နှစ်အရွယ်သားဖြစ်သူကို သေနတ်ထားတဲ့နေရာကို ပြသခဲ့ဖူးတယ်လို့ ဆိုပါတယ်။  သူဟာ လူဆိုးဂိုဏ်းသားဟောင်းတစ်ယောက်ဖြစ်ပြီး လူသတ်မှုနဲ့  စွဲချက်တင်ခံထားရတဲ့ဂိုဏ်းသားတစ်ယောက်ရဲ့ အမှုတစ်ခုမှာ အစိုးရဘက်က ထွက်ဆိုပေးခဲ့တာကြောင့် မိမိကိုယ်ကိုကာကွယ်ဖို့ သေနတ်ဆောင်ထားတာဖြစ်ကြောင်း ဗီဒီယိုတိပ်ထွက်ဆိုမှုမှာ ၀န်ခံခဲ့ပါတယ်” လို့ အစိုးရရှေ့ နေ Joseph က ပြောကြားခဲ့ပါတယ်။

Michael Santiago ဟာ သေနတ်လိုင်စင် နဲ့ လက်နက်ကိုင်ဆောင်ခွင့်လိုင်စင်မပြနိုင်ဘဲ ပွိုင့် 32 ကာလီဘာဆုံလည်သေနတ်ကို ရေခဲသေတ္တာပေါ် သိမ်းထားခဲ့တာဖြစ်တယ်လို့ Joseph က ပြောကြားခဲ့ပါတယ်။

Papa Ray’s ပီဇာစားသောက်ဆိုင်မှာမန်နေဂျာလုပ်ကိုင်နေသူ Michael Santiago ဟာ အခင်းဖြစ်ပွားချိန်တုန်းက အလုပ်မှာရှိနေခဲ့ကြောင်း ထွက်ဆိုခဲ့ပါတယ်။ Santiago ကို အာမခံကြေး ဒေါ်လာ ၇၅၀၀၀ ထုတ်ပြန်ထားပြီး လာမယ့်သောကြာနေ့ မှာ ရုံးထပ်မံထုတ်မှာဖြစ်တယ်လို့ သိရပါတယ်။

( Ye Wint )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref: Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment