Powered by Blogger.

ကမ္ဘာပေါ်မှာ သားနားမှုအရှိဆုံး လမ်းဘေးဈေးသည်ရဲ့ ဘဝဇာတ်ကြောင်း




 ပူပြင်းလှတဲ့ နေရောင်ခြည်အောက်နဲ့ ရှုပ်ထွေးလှတဲ့ မော်တော်ကားများကြား ဈေးလိုက်ရောင်းနေရတာ တကယ်ကို တော်တော်လေးကို ပင်ပန်းလှပါတယ်။ ဒါပေမယ့် Aílton Manuel da Silva ဆိုသူ လမ်းဘေးဈေးသည်တစ်ဦးကတော့ ဒီဒဏ်တွေကိုမမူပဲ အပြုံးမပျက် သူ့အလုပ်ကို အကောင်းဆုံးလုပ်နေနိုင်ပါတယ်။ ဒါ့အပြင် Aílton ကို လူအများက ကမ္ဘာပေါ်မှာ သားနားမှုအရှိဆုံး လမ်းဘေးဈေးသည်လို့ပါ သတ်မှတ်ထားကြပါတယ်။ ဒီအကြောင်းအရာများကို သစ်ထူးလွင် စာဖတ်ပရိသတ်တွေအတွက် ဖော်ပြပေးသွားချင်ပါတယ်။

  အသက် ၄၃နှစ်အရွှယ်ရှိ Aílton ဟာ ဘရာဇီးနိုင်ငံ Pernambuco ဒေသမှာ နေထိုင်သူဖြစ်ပါတယ်။ ယခင်က တွင်ခုံတစ်ခုမှာ ဝင်ရောက်လုပ်ကိုင်ရင်းနဲ့ ဇနီးသည်ရယ် ကလေးသုံးယောက်ရယ်ကို ရှာကျွေးနေရတဲ့ အိမ်ထောင်ဦးစီးတစ်ယောက်လည်းဖြစ်ပါတယ်။ တစ်နေ့မှာ Aílton တစ်ယောက် တွင်ခုံကနေ အလုပ်ပြုတ်သွားခဲ့ပြီး အလုပ်လက်မဲ့ဘဝကို ရောက်ရှိသွားခဲ့ရပါတယ်။

ဒီအချိန်မှာ Aílton တို့မိသားစုအတွက် အတော်လေးကို အကျပ်ရိုက်ခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ Aílton ဟာ သူ့အိမ်နားက ကားလမ်းမကြီးပေါ်မှာ အအေးတွေနဲ့ မုန့်တွေကို လိုက်လံရောင်းချဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ ဒါပေမယ့် Aílton ရဲ့ လမ်းဘေးဈေးသည်ဘဝအစက ခက်ခဲကြမ်းတမ်းခဲ့ပါတယ်။ ကားသမားအများစုက သူ့ဆီကနေ တစ်စုံတစ်ရာ ဝယ်ယူအားပေးခြင်းမရှိသလို တချို့ဆိုရင် ကားမှန်ကို ချက်ချင်းပိတ်ဖြစ်တာမျိုးတွေအထိ ပြုလုပ်တတ်ကြပါတယ်။ ဒီလိုနဲ့ Aílton ဟာ စိတ်ကူးကောင်းတစ်ခုကို ပုံဖော်လိုက်ပြီး ဘယ်သူမှ မလုပ်ဘူးတဲ့ နည်းလမ်းတစ်ခုကို အသုံးပြုခဲ့လိုက်ပါတယ်။

 Aílton ဟာ လမ်းမပေါ်မှာ ဈေးရောင်းချဖို့အတွက် သူရဲ့ဒီဇိုင်းကို လုံးဝပြောင်းလဲပစ်လိုက်ပါတယ်။ Aílton က စားသောက်ဆိုင်တစ်ဆိုင်က စားပွဲထိုးတစ်ယောက်လို ဝတ်စားဆင်ယင်ပြီး သူရဲ့စားသောက်ဖွယ်ရာများကို လိုက်လံရောင်းချပါတော့တယ်။ ဒီအချိန်မှာတော့ Aílton ရဲ့ ဈေးရောင်းချမှုဟာ လုံးဝကို ပြောင်းပြန်ဖြစ်သွားခဲ့ပါတယ်။ ကားသမားအများစုရဲ့ စိတ်ဝင်စားမှုကို အာရုံစိုက်ခံလာရတဲ့ Aílton ဟာ တစ်နေ့ကို ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၂၁ဒေါ်လာလောက် ရရှိနေပြီဖြစ်တာကြောင့် သူ့မိသားစုကို အကောင်းဆုံး ထောက်ပံနေနိုင်သလို မိန်းမဖြစ်သူကိုပါ ကောလိပ်ကျောင်းပြီးအောင်ပါ ထားနိုင်ခဲ့ပါတယ်။

၂၀၁၅ခုနှစ်ကနေ နှစ်နှစ်ကျော်ကြာလောက် ဈေးရောင်းနေခဲ့တဲ့ Aílton ဟာ ရည်မွန်ဆုံး လမ်းဘေးဈေးသည်အဖြစ်နဲ့ အတော်လေးကို နာမည်ကျော်ကြားနေခဲ့သလို တခြားလမ်းဘေးဈေးသည်းများ သူလိုလိုက်လံတုပပြီး ရောင်းချတာတောင် သူ့ကိုလုံးဝမယှဉ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် Aílton ကတော့ ဒီအလုပ်ကိုသာ အမြဲလုပ်မသွားချင်ပဲ သူ့ဘဝအတွက် အာမခံချက်ကောင်းကောင်းရှိတဲ့ အလုပ်အသစ်တစ်ခုကိုသာ လိုချင်ပါကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်ခင်ဗျာ။

VitamiN

#knowledge.thithtoolwin.com

Ref: oddit
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment