အိမ်ခေါင်မိုးပေါ် ပျက်ကျတဲ့ လေယာဉ်ပျံ
Beechcraft BE36 လေယာဉ်ပျံတစ်စင်းဟာ Pennsylvania ပြည်နယ် Lancaster လေဆိပ်ကနေ Massachusetts.ပြည်နယ် Norwood Memorial လေဆိပ်ကို တနင်္ဂနွေနေ့က ပျံသန်းစဉ်မှာ အိမ်တစ်လုံးအပေါ်ကို ပျက်ကျသွားခဲ့တာ ဖြစ်ပါတယ်။
လေယာဉ်ပေါ် ပါလာတဲ့ လူကြီး နှစ်ယောက်ရယ် ကလေးငယ်တစ်ယောက် သေဆုံးခဲ့ပေမယ့် အိမ်ထဲမှာ နေသူတွေကတော့ အိမ်ကို မီးစွဲချိန်မှာ ထွက်ပြေးခဲ့လို့ လွတ်မြောက်ခဲ့ပါတယ်။
အခင်းဖြစ်ပွားရာ အိမ်ဟာ ဘော်စတွန် အနောက်တောင်ပိုင်း Plainville မှာ တည်ရှိတာဖြစ်ပါတယ်။ မီးသတ်သမားတွေက မီးတောက် မီးငြိမ်းဖို့ သုံးနာရီကြာ ကြိုးစား ငြှိမ်းသတ်ခဲ့ရပါတယ်။
လေယာဉ်ရဲ့ အမြီးပိုင်းနဲ့ တောင်ပံကို အိမ်နောက်ဘက် ခြံဝန်းထဲမှာ တွေ့ခဲ့ရပါတယ်။ အဆိုပါအိမ်မှာ မိသားစုဝင် လေးယောက်နေထိုင်တယ်လို့ ပြောပါတယ်။
အိမ်နီးချင်းတစ်ဦးဖြစ်သူ Mike Brown ကတော့ သူ အိမ်အပြင်ဘက်မှာ အသားကင်နေရင်း လေယာဉ်ပျံအသံကို ကြားလိုက်ပါတယ်။
သူမော့ကြည့်စဉ်မှာပဲ ၄င်းက စတင် ပျက်ကျပြီး အင်ဂျင်ပေါက်ကွဲသံတွေကို ကြားရရင်း မီးခိုးတွေ ထွက်လာတဲ့အကြောင်း ပြောပြခဲ့ပါတယ်။
အမျိုးသား သယ်ယူပို့ဆောင်မှု လုံခြုံရေး အဖွဲ( National Transportation Safety Board -NTSB )က လေယာဉ်ပျက်ကျရာနေရာကို တနင်္လာနေ့မှာ ရောက်လာမယ်လို့ မျှော်လင့်ရပါတယ်။
NTSB က သေဆုံးသူတွေရဲ့ မိသားစုတွေကို အကြောင်းမကြားခင်အထိ သေဆုံးသူတွေရဲ့ သတင်းအချက်အလက်တွေကို ထုတ်ပြန်မှာ မဟုတ်ကြောင်း သိရပါတယ်။
( TMW )
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com
Ref : Metro
0 comments:
Post a Comment