Powered by Blogger.

ကမ္ဘာ့လက်သည်းအရှည်ဆုံး လူသားရဲ့ လက်သည်းတွေ ပြတိုက်လှူတော့မယ်




ကမ္ဘာ့လက်သည်းအရှည်ဆုံးလူလို့ သတ်မှတ်ရမယ့်သူတစ်ဦးနဲ့ တွေ့ဆုံဖြစ်ခဲ့ပါတယ်။ သူ့ရဲ့လက်တစ်ဘက်ပေါ်က ဒီလက်သည်းတွေကို ပြတိုက်တစ်ခုကိုလှူဖို့အတွက် ၁၉၅၂ခုနှစ်ကတည်းက မညှပ်ဘဲ အရှည်ထားခဲ့တာဖြစ်တယ်လို့ သူကပြောသွားပါတယ်။

အသက် ၇၈နှစ်ရှိပြီဖြစ်တဲ့ အိန္ဒိယအမျိုးသား Shridhar Chillal ဟာ သူကျောင်းနေစဉ်ကတည်းက သူ့ရဲ့ဘယ်ဘက်လက် လက်သည်းတွေကို အရှည်ထားခဲ့တာပါ။ အလွန့်အလွန်ရှည်လျားတဲ့ လက်သည်းတွေကြောင့် အလုပ်နဲ့ ချစ်သူကို ရှာဖို့အခက်တွေ့ခဲ့ပေမဲ့ မလျှော့သော ဇွဲနဲ့ ထားခဲ့တာဖြစ်တဲ့အတွက် လေးစားဖို့တော့ ကောင်းပါတယ်။ သူဟာ အခုဆိုရင် Guinness မှတ်တမ်း (၂၀၁၆ တည်းဖြတ်မှု) မှာ လက်တစ်ဖက်တည်း ကမ္ဘာ့ လက်သည်းအရှည်ဆုံးပုဂ္ဂိုလ်အဖြစ် တရားဝင်အသိအမှတ်ပြုခြင်း ခံခဲ့ရပါပြီ။

ဘာကြောင့်များ လက်သည်းတွေကို ရှည်သည်ထက်ရှည်အောင်ထားခဲ့ရတာလဲလို့ မေးကြည့်လိုက်တော့ “ကျွန်တော် ကျောင်းသားဘ၀တုန်းက၊ တစ်ရက်ကျတော့ ကျွန်တော်တို့ဆရာက ကျွန်တော်တို့ကို အရမ်းရိုက်တော့တာပဲ။ ကျွန်တော့်သူငယ်ချင်းကြောင့် သူ့လက်သည်းကျိုးသွားလို့လေ။ ဆရာ့ လက်သည်းကလည်း အရှည်ချည်းရယ်။ ဆရာရယ် လက်သည်းလေး ကျိုးသွားတာနဲ့ ဘာလို့များဒီလောက်တောင် ရိုက်ရတာလဲလို့ မေးကြည့်တော့ မင်းတို့မှ လက်သည်းအရှည်တစ်ခါမှ မထားဖူးတာ၊ ဘယ်နားလည်မလဲတဲ့။ လက်သည်းအရှည်မထားဖူးဘဲနဲ့တော့ ဒီလက်သည်းတွေကျိုးမသွားအောင် ဂရုစိုက်ရတာမျိုးကိုလည်း နားလည်မှာမဟုတ်ဘူး။” လို့ Shridhar ကပြောပြပါတယ်။ အဲ့ဒီ့အချိန်ကစပြီး သူဟာ ဆရာနဲ့ စိန်ခေါ်ပြီး လက်သည်းရှည်တွေ ထားခဲ့တော့တာပါပဲ။

သူ့ရဲ့လက်သည်းအရှည်ပေါင်းဟာ ၉၀၉ ဒဿမ ၆ စင်တီမီတာရှိပြီး လက်မက ၂မီတာနဲ့ အရှည်ဆုံးဖြစ်တယ်လို့ သိရပါတယ်။

အတိုက်အခံဖြစ်ခဲ့ရပုံတွေကတော့ “ပထမတော့ ကျွန်တော့် မိသားစုဝင်တွေက အတိုက်အခံလုပ်ခဲ့တယ်။ ပြီးတော့ ဆရာတွေရောပဲ။ ကျွန်တော့်လက်သည်းတွေကို နောက်တစ်ခေါက် ဘယ်တော့မှမညှပ်ဘူးလို့ ဆုံးဖြတ်ချက်က ချထားပြီးသားလေ။” လို့ သူကပြောပြပါတယ်။

“ကျွန်တော့်နေ့စဉ်ဘ၀ရဲ့ နေရာတိုင်းလိုလိုမှာ အခက်ကတော့တွေ့တာပဲ။ ကျွန်တော်မိသားစုက လုံးဝကို မကြိုက်တာ။ ကျွန်တော့်အ၀တ်တွေ ဘယ်သူမှလည်းမလျှော်ပေးတော့ လက်တစ်ဖက်တည်းနဲ့ပဲ လျှော်ခဲ့ရတာပေါ့။ အလုပ်ရှာဖို့ဆိုတာကလည်း အခက်သား။ ကျွန်တော့်ကို အလုပ်ခန့်မယ့်သူ တစ်ယောက်မှမရှိဘူး။”
“ကျွန်တော် အိမ်ထောင်ပြုမယ့်အရွယ်ရောက်တော့၊ ကျွန်တော်နဲ့ ဘယ်သူမှ အိမ်ထောင်မပြုချင်ကြဘူး။ အမျိုးသမီး ၁၀ ယောက်ကနေ ၁၂ယောက်လောက်ထိ တွေ့ဖူးတယ်။ အမျိုးသမီးဘက်က သဘောတူမယ်လုပ်တော့ သူ့မိဘတွေက သူ့လည်ပင်းညှစ်သတ်မယ်ဆိုပြီး ငြင်းတယ်။ မိဘတွေက သဘောတူပြန်တော့၊ ဒီလောက်ညစ်ပတ်တဲ့သူတစ်ယောက်ကို လက်မထပ်နိုင်ဘူး ဖြစ်ပြန်ရော။” ဆိုပြီး အမျိုးသမီးတွေနဲ့ ချိန်းတွေ့ဖို့အခက်တွေ့ပုံတွေကို ပြောပြခဲ့ပါတယ်။

ဒါပေမဲ့ သူ အိမ်ထောင်ကျခဲ့ပါတယ်။ အသက် ၂၉နှစ်မှာ ညီဖြစ်သူရဲ့ ခယ်မဖြစ်တဲ့သူနဲ့ အိမ်ထောင်ပြုခဲ့နိုင်တာပါ။

Shridhar ဟာ ဓာတ်ပုံပညာကို နှစ်သက်ပြီး အလုပ်အနေနဲ့လည်း အချိန်တစ်ချို့ကို လုပ်ကိုင်ဖြတ်သန်းခဲ့ဖူးတယ်လို့ ဆိုပါတယ်။

အခုတော့ သူ့ရဲ့လက်သည်းတွေကို ညှပ်ပြီး ပြတိုက်တစ်ခုမှာ ထိန်းသိမ်းထားဖို့ စီစဉ်နေပါတယ်။ ဘယ်နေ့လဲဆိုတာကိုတော့ သူက လျှို့ဝှက်ထားလို့ မသိခဲ့ရပါဘူး။

( Skyler )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref:Daily Mail


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment