ကျွန်တော်ဟာ စင်မြင့်ပေါ်မှာရှိတဲ့ တေးဂီတညွှန်ပြဖို့ တစ်ယောက်စာစင်မြင့်ပေါ်မှာ မတ်တပ်ရပ်နေပါတယ်။ လက်ထဲမှာ ကြွေရောင်ထနေတဲ့ မှော်ကြိမ်လုံးကို ဆတ်ခနဲ ဆတ်ခနဲ ထောင်လို့၊ ကျောပြင်မှာလည်း ချွေးတွေ စိုရွှဲလို့ပေါ့။ ဂီတအကြောင်းသိပ် မသိတဲ့သူ တွေက မယုံသင်္ကာ မျက်လုံးတွေနဲ့ ကျွန်တော့်ကို လှမ်းလှမ်းကြည့်နေကြတယ်။ ဒီဂီတဖျော်ဖြေပွဲကြီးနဲ့ ကျွန်တော် မသက်ဆိုင်ဘူးဆိုတာ သူတို့တွေသိကြတယ်။ ဒါပေမယ့် ကျွန်တော် ဘယ်လိုတွေ ထပ်ပြီး ဟန်ဆောင်မယ်ဆိုတာကို သူတို့တွေက စောင့်မျှော်ကြည့်ရှုနေကြတယ်။ ကျွန်တော့်ကလည်း လက်ကို မြောက်လိုက်ပြီး တိတ်ဆိတ် ညိမ်သက်မှုကို ဖြိုဖျက်လိုက်တယ်။ ပြီးတော့ ဂီတသံတွေ ထွက်ပေါ်လာခွင့် ပေးလိုက်ပါတယ်။ အံ့သြစရာကောင်းလောက်အောင် Don Giovanni အော်ပရာ အတွက် ရေးစပ်ထားတဲ့ Mozart ရဲ့ ပဏာမတေးသံဟာ ကျွန်တော့်ရှေ့ မှောက်မှာ ထွက်ပေါ်လာပါတော့တယ်။ ဒီပဏာမတေးက ဟောင်းနွမ်းနေပေမယ့် အမှတ်ရဆဲ။ အလွန်အမင်း စိတ်လှုပ်ရှားရဆဲ။ ဒီခံစား ချက်က အနှောင့်အိပ်မက် လိုလို။ တကယ့်တကယ်တော့ အီတလီဂီတမှူး (conductor) Riccardo Muti ဟာ လွန်ခဲ့တဲ့ ၂နှစ်က ဘာ့ကြောင့် ဆုရရှိသွားခဲ့တယ်ဆိုတာကို ရှင်းပြဖို့ ကြိုးစားနေတာပါ။ သူ့လေသံနဲ့ပြောရရင် ကျွန်တော် ဘာများလုပ်လိုက်ပါလိမ့် ပေါ့။
ဂီတမှူး (conductor) တစ်ယောက် လုပ်ပုံကိုင်ပုံ နဲ့ ပတ်သက်ပြီး ကျွန်တော် အလွန် အံ့အားသင့်ခဲ့တာ ၁၉၈၀ခုနှစ်ကတည်းကပါ။ Beethoven ရဲ့ ၇ပုဒ်မြောက် သံစုံတေးသွားကို ထူးထူးခြားခြား တင်ဆက်မှုဟာ တီဗွီလိုင်းကနေလာပါတယ်။ ဂျပန်ထုတ် JVC တီဗွီကြီးနဲ့ ကျွန်တော့် အိပ်ခန်းထဲမှာ ကြည့်ဖြစ်ခဲ့ပါတယ်။ ကျွန်တော့်ကို ဂီတက ညှို့ယူခဲ့ပါတယ်။ တက္ကသိုလ်ရောက်တော့ ဂီတမှူး သင်ရိုး သင်ဖြစ်ခဲ့တယ်။ ကျွန်တော့်ရဲ့ ကိုယ်ပိုင် သီချင်းအဖွဲ့တွေကို တင်ဆက်သူတချို့တီးခတ်ဖို့ ဂီတမှူးလုပ်ခဲ့ရတယ်။ ခေတ်သစ် အကအစီအစဉ် အတွက် ရေးစပ်ဖြစ်ခဲ့တာပါ။ အဲ့ဒီ့ အတွေ့အကြုံတွေကနေတဆင့် ဂီတမှူးတစ်ယောက်နဲ့ ပတ်သက်တဲ့ စွမ်းရည်တွေ ဇတွေ ရလာပါတယ်။ အဲ့ဒီလိုမျိုး မှော်ကြိမ်လုံးကိုင်ဟိုရမ်း ဒီရမ်းလုပ်ရင်း တင်ဆက်မှုကြီးကို အဆီအငေါ်တည့်အောင် လုပ်နိုင်ခဲ့တာ ကိုယ့်ကိုကိုယ်တောင် မယုံသင်္ကာဖြစ်ခဲ့ ရပါတယ်။
လွန်ခဲ့တဲ့ နှစ်၂၀၀ လောက်ကစပြီး တူရိယာဝိုင်းကြီးတွေဟာ သံစုံတီးဂီတ ရဲ့အခြေခံဖြစ်လာခဲ့ပါတယ်။ အဲ့ဒီ့ ကတည်းက စင်မြင့်ပေါ်တက်၊ တုတ်တစ်ချောင်းကိုင်ပြီး ဟိုယောင်ယောင်ဒီယောင်ယောင် လုပ်နေတဲ့ လူကြီးတွေဟာ မယုံသင်္ကာအဖြစ်ခံခဲ့ရတာပါ။ သူ့မှာ ဘယ်လောက်ကြီးပဲ အစွမ်းထက်ထက် တီးခတ်သူ တွေဟာ သူ့ထက်တော့ ပိုကောင်းအောင်လုပ်နိုင်ကြမှာပဲ။ ဂီတမှူး (conductor) ဆိုတာ အပိုပဲ လို့ ပရိသတ်တချို့ကတော့ ထင်လေ့ရှိကြပါတယ်။ ‘ကျွန်တော်ဟာ အရူးအလုပ်လုပ်နေတာ၊ မရိုးမသား လိမ်ညာစားနေတာ။ အခြားသူတွေက ဂီတတစ်ရပ်လုံးကို ဖန်တီးတယ်။ ငါကတော့ လစာပဲ ထိုင်ယူနေတယ်။’ လို့ Dimitri Mitropoulos က မခံချိမခံသာ သောကတက်ပြီးပြောဖူးပါတယ်။ သူဟာ ၁၉၅၀ ပြည့်လွန်နှစ်တွေအတွင်း နယူးယောက် သံစုံတီးဝိုင်းကြီးမှာ ဂီတမှူး (conductor) အဖြစ် ဦးဆောင် နေခဲ့သူပါ။
သံစုံတီးဝိုင်း တင်ဆက်မှုတိုင်းမှာ ဂီတပညာရှင်တိုင်းဆီက အသံတစ်ခုမဟုတ်တစ်ခု ကြားရမှာပါ။ ဒါပေမဲ့ စင်ပေါ်တက်ပြီး ဘာအသံမှ ထွက်မလာတဲ့ တစ်ဦးတည်းသော လူကြီးက ဘာလုပ်တာလဲလို့ လူတိုင်းက မေးကြပါတယ်။ ဂီတမှူး (conductor) တွေဟာ သံစုံတီးဝိုင်းနဲ့ မဆုံခင်ကတည်းက ကြိုပြီး အလုပ်တွေ လုပ်ရပါတယ်။ ဂီတကို လေ့လာရတယ်၊ ချဲ့ထွင်ရတယ်၊ သုံးသပ်ရတယ်။ တေးရေးသူ ရဲ့အမြင်ကို နားလည်အောင် ကြိုးစားရတယ်။ သံစုံတီးဝိုင်း အကြိုလေ့ကျင့်ရာမှာလည်း ဂီတမှူး (conductor) တစ်ယောက်က သူ့ရဲ့ သရုပ်ဖော်ပုံတွေကို ကြိုတင်လေ့ကျင့်ရတယ်။ ဒါပေမယ့် အလွန်တော်တဲ့ ဂီတမှူးကြီးတွေကျတော့ ပွဲတင်ဆက်တဲ့ ညမှာသာ သူရဲ့သရုပ်ဖော်ကွက်တွေက ထွက်ပေါ်လာတယ်။ ဂီတမှူး (conductor) တွေက တေးသွားတစ်ခုကို ရှုမြင်သုံးသပ်ပုံတွေက တစ်ခါနဲ့တစ်ခါ မတူပါဘူး။ အဲ့ဒီအတွက် ဂီတမှူး (conductor) က စင်ပေါ်မှာ တေးသွားတစ်ခုကို စိတ်ရှိတိုင်း ခံစားသရုပ်ဖော်ပြပြီး သူကတဆင့် အခြားဂီတပညာရှင်တွေဆီရောက်ကာ တေးသွားခံစားမှုတွေက အသစ်သစ်တွေ ဖြစ်ပေါ်လာပါတယ်။
ဂီတမှူး (conductor) တစ်ယောက်ဟာ ဂီတတင်ဆက်မှုတစ်ရပ် ကို မြင်သာတဲ့ ခြေဟန်လက်ဟန်တွေနဲ့ ညွှန်ကြားပေးရတဲ့ ဂီတပညာရှင်တစ်ဦးပါ။ ဂီတမှူး (conductor) တစ်ယောက်ရဲ့တာဝန်တွေကတော့ ဂီတပညာရှင်တွေကို ပေါင်းစည်းပေးရမယ်၊ တေးသွားနှုန်း (tempo) တစ်ရပ်ကို ချမှတ်ပေးရမယ်၊ တေးအသွားအလာနဲ့ စည်းချက်တွေကို ရှင်းလင်းအောင် ဖော်ပြပေးနိုင်ရမယ်၊ သံစုံတီးဝိုင်းတစ်ခုလုံးမှာ ရှိတဲ့ တူရိယာတစ်ခုခြင်းစီက ထွက်လာတဲ့ အသံတွေကို ဝေဖန်ဆန်းစစ်နိုင်ရမယ်၊ အသံတစ်ခုခြင်းစီကို ခွဲခြားနားထောင်နိုင်လောက် အောင် နားပါးရပါမယ်။
( Skyler )
Ref: nymag/theguardian/wikipedia
0 comments:
Post a Comment