Powered by Blogger.

ခွေးဟောင်သံအတုပြုလုပ် ခြောက်လှန့်ပြီး လူဆိုးကို ဖမ်းနိုင်ခဲ့တဲ့ ရဲအရာရှိ


အင်္ဂလန်နိုင်ငံက ရဲအရာရှိတစ်ယောက်ကတော့ ကားသူခိုးတစ်ယောက်ကို လိုက်ဖမ်းခဲ့ရာမှာ ခွေးဟောင်သံ အတု ပြုလုပ်ပြီး ဖမ်းဆီးခဲ့ရတယို့ သိရပါတယ်။ စတိဗ်ဟက်တန်လို့အမည်ရတဲ့ ရဲအရာရှိဟာ သူခိုးထွက်ပြေးသွားတဲ့ လမ်းကြောင်းကို လိုက်ပြီး ဖမ်းဆီးခဲ့ရာမှာ သူအပြင် သေချာလေ့ကျင့်ထားတဲ့ ခွေးတစ်ကောင်ပါ ပါဝင်သလို ဟန်ဆောင်ပြီး သူခိုးရဲ့နောက်ကနေ လိုက်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ကားသူခိုးလူငယ်တစ်စုဟာ ဝဲ့လ်တ်ရှိုင်းယားဒေသတစ်ဝိုက်မှာ ကျက်စားနေခဲ့တာ ကြာမြင့်ပြီဖြစ်တာကြောင့် ရဲဋ္ဌာနက ဖမ်းဆီးဖို့ အတွက် မျက်ခြေမပြတ်စောင့်ကြည့်ခဲ့တာဖြစ်ပါတယ်။ တစ်ညမှာတော့ ကားတစ်စီးကို ခိုးယူလာတဲ့ ကားသူခိုးလူငယ်တွေကို လက်ပူးလက်ကြပ်မိခဲ့ပေမယ့် အသာအယာအဖမ်းမခံဘဲ အားလုံးက ကိုယ်လွတ်ရုန်းထွက်ပြေးခဲ့ကြတယ်လို့ သိရပါတယ်။ အခြားရဲအရာရှိတွေကတော့ လူငယ်လေးယောက်ကို သေနတ်နဲ့ ပစ်ခတ်ခြောက်လှန့်ဖမ်းဆီးနိုင်ခဲ့ပါတယ်။

အရာရှိစတိဗ်ဟက်တန်ကတော့ တစ်ခြားအရာရှိတွေလိုမျိုး သေနတ်နဲ့ ပစ်မဖမ်းခဲ့ပါဘူး။ သူဘယ်လို ဖမ်းဆီးခဲ့တယ်ဆိုတာကိုတော့ အခုလိုပဲ ပြောပြခဲ့ပါတယ်။ "ကျွန်တော် ထွက်ပြေးသွားတဲ့ လူနောက်ကို ပြေးလိုက်ခဲ့တာဗျ။ သူ့နောက်ကနေ ထပ်ကြပ်မကွာလိုက်ခဲ့တာ စက္ကန့် ၂၀ လောက်တော့ရှိမယ်ထင်တယ်။ အဲ့နောက်မှာ သူ့ကို မမြင်ရတော့ဘူး။ ညဘက်ဆိုတော့လည်း မှောင်နေတယ်လေ။ အဲ့ဒါနဲ့ ကျွန်တော်လည်း သူကြားအောင် အော်ပြီးပြောရတယ်။ ' ငါက ရဲတစ်ယောက်နော်။ငါ့မှာခွေးတစ်ကောင်ပါတယ်။ ငါ့ခွေးက မင်းဘယ်နေရာမှာရှိတယ်ဆိုတာ အနံ့ခံနိုင်တယ်။ မင်းခွေးကိုက်မခံချင်ရင် ငြိမ်ငြိမ်လေးနေ။' ဆိုပြီးပြောခဲ့တယ်။ ကျွန်တော်ကတော့ ခွေးပါလာတယ်ထင်အောင် ပါးစပ်က ဟောင်သံတွေ ၊ ဂီးဂီးဂဲဂဲတွေလည်း လုပ်ရသေးတယ်ဗျ။"

" တရားခံကလည်း ခွေးတကယ်ပါလာတယ် ထင်ပြီး ဆက်မပြေးတော့ဘူး။ကြောက်ပြီး ပြန်လှည့်လာတယ်။ ကျွန်တော်က ဟောင်သံတွေ အဆက်မပြတ်ပေးနေတုန်းပဲ။ သူပြန်လှည့်လာပြီး ခွေးမပါမှန်းသိတော့မှ ကျွန်တော်က အမြန်ပဲ သူ့ကို ခုန်အုပ် ဖမ်းလိုက်ရတယ် " လို့ ပြောပြခဲ့ပါတယ်။

အခုလို သေနတ်တစ်ချက်မဖောက်ပဲ ဥာဏ်နဲ့ဖမ်းခဲ့တဲ့ ရဲအရာရှိကိုတော့ ထူးချွန်ဆုတံဆိပ်တွေ ချီးမြှင့်သွားဖွယ်ရှိနေတယ်လို့ သိရပါတယ်။


( Paing A K )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment