Powered by Blogger.

ဂျပန်ရထားဘူတာရုံတစ်ခုက နှစ်ခုနှစ်ရာကျော်သက်တမ်းရှိ သစ်ပင်ကြီးရဲ့ စိတ်ဝင်စားစရာဇာတ်လမ်း



 ဂျပန်နိုင်ငံ အိုဆာကာမြို့ရဲ့ဆင်ခြေဖုံးဒေသက ကာယာရှီမာရထားဘူတာရုံရှိ နှစ်ပေါင်းခုနှစ်ရာကျော် သက်တမ်းရှိနေတဲ့ သစ်ပင်ကြီးဟာ ဒေသခံများနဲ့ ကမ္ဘာလှည့်ခရီးသည်များရဲ့ စိတ်အာရုံကို ညို့ငင်ဖမ်းစားနေလျက်ရှိပါတယ်။ ဒါဟာ ဒီအပင်ကြီးရဲ့ ပုံပန်းသဏ္ဍန် ၊ အပင်ရဲ့သက်တမ်းကြောင့်အပြင် အပင်ကြီးရဲ့ ထိတ်လန့်စရာကောင်းတဲ့ အတိတ်ဇာတ်ကြောင်းတို့ပဲ ဖြစ်ပါတယ်။


 ပုန်းမုန်လာဥပင်လိုပုံစံမျိုးဖြစ်တဲ့ ပရုတ်ပင်ကြီးဟာ ဂျပန်နိုင်ငံအတွင်းရှိ အခြားသက်တမ်းရင့် သစ်ပင်ကြီးများထက်ကို ပိုမိုသက်တော်ရှည်နေတာကြောင့် အထင်ကရသစ်ပင်ကြီးအဖြစ် လူသိများပါတယ်။ ဒီသစ်ပင်ကြီးဟာ ကာယာရှီမာရထားဘူတာရုံ တရားဝင်ဖွင့်လှစ်ခဲ့တဲ့ ၁၉၁၀ခုနှစ်လောက်ကစပြီး လူအများသတိထားလာမိကာ ဘူတာရုံအတွင်း လာရောက်ကြတဲ့ ခရီးသည်တွေအတွက် မိုးဒဏ် နေဒဏ်တို့ကို ကာကွယ်ပေးနိုင်ခဲ့ပါတယ်။

 ဒီဘူတာရုံမှာ ပရုတ်ပင်ကြီးရှိနေခဲ့တာ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ဒုက္ခမပေးနိုင်ခဲ့ပေမယ့် နှစ်ပေါင်းခြောက်ဆယ်လောက်အကြာမှာ ဂျပန်နိုင်ငံအတွင်း လူဦးရေအဆမတန် တိုးပွားလာခဲ့တာကြောင့် ကာယာရှီမာရထားဘူတာရုံကို တိုးချဲ့ဖို့လိုအပ်လာပါတော့တယ်။ ဒီလို ဘူတာရုံတိုးချဲ့ဖို့အတွက် ပရုတ်ပင်ကြီးဟာ အဟန့်အတားဖြစ်နေတာကြောင့် အာဏပိုင်များက ပရုတ်ပင်ရဲ့အကိုင်းအခတ် တော်တော်များများကို ခုတ်ဖြတ်ဖို့စီစဉ်ကြပါတယ်။


 ပြသာနာက အဲ့ဒီအချိန်မှာစပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီသစ်ပင်ကြီးကို ဖြတ်ခုတ်ဖို့စီစဉ်တဲ့အခါမှာ သစ်ပင်ကနေ မမျှော်လင့်ထားတဲ့အရာတွေ မြင်တွေ့ခဲ့ရလို့ပဲဖြစ်ပါတယ်။ သစ်ပင်ပေါ်က မြွေဖြူတွေ ကျလာတာ ၊ သစ်ပင်ထဲက အဖြူရောင်အခိုးအငွေ့တွေ ထွက်လာတာတို့ ဖြစ်ပေါ်ခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူများ ပြောဆိုထားခဲ့ပါတယ်။ သစ်ပင်အကိုင်းခုတ်သူတစ်ဦးဆိုရင်လည်း နောက်တစ်နေ့မှာပဲ အပြင်းဖျားဒဏ်ကို ခံစားခဲ့ရပါတယ်။ ဒါတွေဟာ ဒီသစ်ပင်ကြီးကို ထပ်မထိရဲလောက်အောင် သစ်ပင်စောင့်နတ်တွေက သတိပေးတာဖြစ်ပြီး ဒီအပင်ကြီးမှာ နတ်ကွန်းတွေရှိလိမ့်လို့လည်း ဒေသခံများက ယုံကြည်နေပါတယ်။


 ခေတ်ကာလတွေ ပြောင်းလဲလာခဲ့နောက် လက်ရှိပစ္စုပ္ပန်ကာလမှာလည်း ကာယာရှီမာ ရထားဘူတာရုံကို ဘယ်လိုပဲတိုးချဲ့တိုးချဲ့ ဒီပရုတ်ပင်ကြီးကိုတော့ လုံးဝဖျက်ဆီးခြင်းမရှိပဲ သစ်ပင်ကြီးကို ပတ်ပတ်လည်ဝန်းရံကာသာ ဘူတာရုံကို တိုးချဲ့ဆောက်လုပ်ထားတာဖြစ်ပါတယ်။ သစ်ပင်ကြီးမှာ လူတွေပြောနေသလို စွမ်းအားတွေ တကယ်ရှိမရှိကတော့ လက်တွေ့စူးစမ်းဖို့တောင် မဝံရဲစရာ အခြေအနေဖြစ်တာကြောင့် အခုအချိန်ထိ ပုံပြင်လိုလို ရာဇဝင်လိုလိုသာ ရှိနေဆဲပဲဖြစ်ပါတယ်ခင်ဗျာ။

( VitamiN )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : oddity

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment