Powered by Blogger.

နှစ်စဉ်တိုင်းကျင်းပမြဲဖြစ်တဲ့ အငြင်းပွားဖွယ်ရာ ခလောက်မြွေသတ်ပွဲ


 တိရစ္ဆာန်တွေကို ရက်ရက်စက်စက် သတ်ဖြတ်နေကြတဲ့ ပွဲတော်များဟာ ကမ္ဘာနဲ့တဝန်းမှာ ရှိကြပါတယ်။ ဥပမာဆိုရရင် ဖာရိုးကျွန်းစုက ဝေလငါးဖမ်းပွဲနဲ့ တရုတ်နိုင်ငံ ခွေးသားစားပွဲတော်တို့ဟာ ရက်စက်အမှု သရဖူဆောင်းတဲ့ တိရစ္ဆာန်သတ်ပွဲကြီးတွေပဲဖြစ်ပါတယ်။ ထိုပွဲတော်များနည်းတူ အမေရိကန်နိုင်ငံအတွင်းမှာ ပြုလုပ်ကျင်းပနေလျက်ရှိတဲ့ ခလောက်မြွေသတ်ပွဲတော်ဟာလည်း အတော်ကို ရက်စက်ကြမ်းကြုတ်တဲ့ ပွဲတော်တစ်ခုဖြစ်ပါတယ်။

 ခလောက်မြွေသတ်ပွဲတော်ကို နွေရာသီရောက်တိုင်း အိုကလာဟိုမားတို့ တက္ကဆက်တို့လိုပြည်နယ်တွေအပါအဝင် အမေရိကန်နိုင်ငံအတွင်းက ပြည်နယ်ဆယ်ခုလောက် ကျင်းပလေ့ရှိပါတယ်။ ဒီပွဲတွေမှာမှ တက္ကဆက်ပြည်နယ် Sweetwater မှာ ကျင်းပတဲ့ပွဲတော်ကတော့ ကမ္ဘာပေါ်မှာ အကြီးမားဆုံးဖြစ်ပါတယ်။ ပွဲတော်ရက် မကျင်းပမီမှာ မြွေမုဆိုးများက ပြည်နယ်အတွင်းရှိ ခလောက်မြွေများကို လိုက်လံဖမ်းဆီးကြပြီး မိလာတဲ့ခလောက်မြွေများကို သားရဲတွင်းလို့ သတ်မှတ်ထားတဲ့နေရာမှာ စုဆောင်းထားရှိပါတယ်။

 ပထမဆုံးအနေနဲ့ ဖမ်းမိလာတဲ့ ခလောက်မြွေတွေကနေ ပြင်းထန်တဲ့ အဆိပ်တွေကို ထုတ်ယူပြီး သုတေသနပညာရှင်များနဲ့ ဆေးဝါးဖော်စပ်သူများထံကို စတင်ရောင်းချပါတယ်။ ပြီးတာနဲ့ အဆိပ်ထုတ်ယူပြီးသား ခလောက်မြွေကို ခေါင်းဖြတ်ပြီး သတ်လိုက်ပါတယ်။ မြွေသေဆုံးသွားပြီဆိုရင်တော့ အရေခွံကိုခွာပြီး ခန္ဓာကိုယ်အတွင်းက ပစ္စည်းများကို ဆေးဝါးကုမ္မဏီထံ ရောင်းချပေးပါတယ်။ ဒါ့အပြင် ဒီပွဲတော်ကို လာရောက်ကြသူများအနေနဲ့ လတ်လတ်ဆက်ဆက် ကြော်ထားတဲ့ ခလောက်မြွေကြော်ကို မြည်းစမ်းနိုင်ပါသေးတယ်။ ကလေးသူငယ်များဟာလည်း ခလောက်မြွေတွေရဲ့အရေခွံကို ကိုယ်တိုင်ဆွဲခွာနိုင်အောင်လည်း ဒီပွဲတော်ကျင်းပသူများက စီစဉ်ပေးထားပါတယ်။ နောက်ဆုံးအနေနဲ့ ခလောက်မြွေကိုသွေးကို လက်မှာလိမ်းပြီး နံရံပေါ်မှာ လက်ရာများကို ရိုက်ကြပါသေးတယ်။ ဒါကတော့ ရဲရင့်မှုကိုပြတဲ့ ရိုးရာဓလေ့တစ်မျိုးဖြစ်ပါတယ်။

 ၁၉၅၈ခုနှစ်ကနေစပြီး နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့တဲ့ ခလောက်မြွေသတ်ပွဲတော်ဟာ တစ်နှစ်တစ်နှစ်ကို ဝင်ငွေ အမေရိကန်ဒေါ်လာ ရှစ်သန်းလောက်အထိ ရရှိပြီး လာရောက်လည်ပတ်သူဦးရေဟာ လေးသောင်းဝန်းကျင်ခန့်လောက်ရှိပါတယ်။ ဒါကြောင့် တိရစ္ဆာန်ချစ်သူများ အဖွဲ့အစည်းတွေကနေ ဒီပွဲတော်အပေါ် ဘယ်လိုပဲကန့်ကွက်ကန့်ကွတ် ခလောက်မြွေသတ်ပွဲ ကျင်းပသူများကတော့ နှစ်စဉ်တိုင်းလိုလို ကျင်းပခွင့်ရဖို့ ကြိုးပမ်းနေဦးမှာ အသေအချာပဲဖြစ်ပါတယ်ခင်ဗျာ။

VitamiN

#knowledge.thithtoolwin.com

Ref: Elitereaders
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment