Sila Sutharat ဆိုသူ ထိုင်းနိုင်ငံသားတစ်ဦးဟာ မြို့အတွင်းက လမ်းမတွေပေါ်မှာ ကြက်ကင်များကို ရောင်းချနေခဲ့တာဟာ နှစ်အတော်ကြာပြီဖြစ်ပါတယ်။ ဒါပေမယ့် Sila Sutharat ရဲ့ကြက်ကင်တွေကတော့ တခြားပျံကျဈေးသည် ကြက်ကင်ရောင်းသူတွေနဲ့ကို တော်တော်လေး ကွဲလွဲလို့နေပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက ကြက်တွေကို နေရောင်ခြည်အသုံးပြုပြီးသာ ကင်နေလို့ပဲဖြစ်ပါတယ်။
ကြက်ကင်သည်ကြီး Sila Sutharat ဟာ သူမတူတဲ့ နည်းလမ်းသစ်နဲ့ ကြက်ကင်တွေကို ရောင်းချနေခဲ့တာ ၁၉၉၇ခုနှစ်ကတည်းကဆိုတော့ နှစ်နှစ်ဆယ်တောင် ရှိလို့နေပြီဖြစ်ပါတယ်။ Sila Sutharat ဟာ ဒယ်အိုးတွေ မီးသွေးတွေအစား ရွှေ့လျားလို့ရတဲ့ မှန်ပေါင်းတစ်ထောင်ခန့်ကို အသုံးပြုခဲ့ပြီး သုံးရာဒီဂရီဆဲလ်စီယပ်လောက်အထိ ရရှိလာခဲ့တဲ့ နေရောင်ခြည်ရဲ့အပူချိန်နဲ့ ကြက်တွေကို ကင်ခဲ့တာဖြစ်ပါတယ်။ ဒီလို သိပ္ပံနည်းကျ အတွေးအခေါ်တစ်ခုကို Sila Sutharat က ဘတ်စ်ကားစီးရင်း ကားမှန်ပြတင်းပေါက်ကို နေအလင်းရောင်ပြန်လာတဲ့အချိန်မှာ စိတ်ကူးမိသွားခဲ့တာပဲဖြစ်ပါတယ်။
ဒါပေမယ့် ကနဦးမှာတော့ သူရဲ့ ဖန်တီးမှုအသစ်ကို ဘယ်သူကမှ အထင်ကြီးခြင်းမရှိပဲ ခပ်ကြောင်ကြောင် အတွေးတစ်ခုလို့သာ သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ ဒါပေမယ့် Sila Sutharat က တခြားသူများရဲ့ ဝေဖန်မှုများကို ဂရုမစိုက်ပဲ သူရဲ့စိတ်ကူးစိတ်သန်းအတိုင်း အကောင်းဆုံးဖန်တီးခဲ့လိုက်ရာ အခုဆိုရင် ထိုင်းနိုင်ငံအတွင်း နေရောင်ခြည်ကိုသုံးပြီး ကြက်ကင်ရောင်းတဲ့ ပထမဦးဆုံး ကြက်ကင်ရောင်းချသူအဖြစ် နှစ်နှစ်ဆယ်တိုင် ရပ်တည်နိုင်ခဲ့တာပဲဖြစ်ပါတယ်။
ကြက်ကင်သည်ကြီး Sila Sutharat က အရွှယ်အစားသေးပြီး ရွှေ့လျားလို့ရနိုင်တဲ့ မှန်ပေါင်းတစ်ထောင်ခန့်ကို သူရဲ့စိတ်ကူးခန့်မှန်းချက်နဲ့ တပ်ဆင်ခဲ့တာဖြစ်ပြီး သူရဲ့ခန်းမှန်းတွက်ချက်မှုက အလုပ်ဖြစ်သွားခဲ့ကာ အပူချိန် ၃၁၂ ဒီဂရီဆဲလ်စီယပ်လောက်အထိနဲ့ တစ်ကီလိုဂရမ်ခွဲလောက်ရှိတဲ့ ကြက်တစ်ကောင်ကို ဆယ်မိနစ်ကနေ ဆယ့်ငါးမိနစ်အတွင်းမှာပဲ မြန်ဆန်စွာ ကင်နိုင်ပါတယ်။
သန့်ရှင်းလတ်ဆတ်မှု အပြည့်အဝပေးနိုင်တဲ့ Sila Sutharat ရဲ့ ကြက်ကင်တွေဟာ ပြည်တွင်းက ဖောက်သည်များကိုသာမကပဲ ပြည်ပက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဆွဲဆောင်နေနိုင်ပါတယ်။ ဒီလို အတွေးအခေါ်ကောင်းကောင်းနဲ့ ကြက်ကင်ရောင်းနေတဲ့ Sila Sutharat ကို Phetchaburi Rajabhat တက္ကသိုလ်ကနေ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ကိုပါ ချီးမြှင့်ပေးခဲ့ပါတယ်ခင်ဗျာ။
#knowledge.thithtoolwin.com
Ref
0 comments:
Post a Comment