Powered by Blogger.

တရန်ကျူလာပင့်ကူအဆိပ်နဲ့ ဖော်စပ်ထားတဲ့ မက္ကဆီကိုကော့တေး



 ကော့တေးအရက်တွေကို ကြိုက်နှစ်သက်သူတွေအတွက် ဘဝတလျောက်လုံးမှာ လုံးဝသောက်သုံးဖူးခြင်း မရှိနိုင်သေးမယ့် ကော့တေးတစ်မျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒါပေမယ့် ကော့တေးကို မသောက်ခင်မှာ လျှာကထုံသလိုလို ဖြစ်သွားမှာ ၊ နှုတ်ခမ်းတွေ ယားကျိကျိဖြစ်သွားမှာနဲ့ လည်ချောင်းထဲမှာ တရွရွဖြစ်စေမှာတွေကိုတော့ သတိထားဖို့ လိုအပ်ပါမယ်။ ဘာကြောင့်လဲဆိုတော့ ဒီကော့တေးမှာ တရန်ကျူလာပင့်ကူရဲ့ အဆိပ်တွေ ပါဝင်နေလို့ပါပဲ။

 Aragog လို့ နာမည်ပေးထားတဲ့ တရန်ကျူလာပင့်ကူအဆိပ်နဲ့ ကော့တေးကို မက္ကဆီကိုစီးတီးမြို့ရှိ Luciferina ဘားဆိုင်ရဲ့ အရက်ဖော်စပ်ကျွမ်းကျင်သူ Rome Palomares က တီထွင်ခဲ့တာဖြစ်ပါတယ်။ Palomares ဟာ သူရဲ့လက်ရာကို ဆိုင်ရှင်ချီးကျုးသွားရအောင်နဲ့ ဖောက်သည်တွေ သဘောတွေ့သွားရအောင်လို့ ထူးထူးဆန်းဆန်း ကော့တေးတစ်ခုကို ပြုလုပ်ဖို့ စီစဉ်ခဲ့ပါတယ်။ ဒါနဲ့ Palomares ဟာ စုန်းကဝေတွေရဲ့ အသုံးအဆောင်ပစ္စည်းများ အရောင်းဆိုင်ကို သွားရောက်လေ့လာခဲ့ပြီး ဆိုင်ရှင်တစ်ယောက်ရဲ့ တိုက်တွန်းချက်အရ ပင့်ကူတွေထဲမှာ အဆိပ်အပြင်းဆုံး ပင့်ကူဖြစ်တဲ့ တရန်ကျူလာရဲ့အဆိပ်နဲ့ ကော့တေးကိုဖန်တီးဖို့ စီစဉ်လိုက်ပါတယ်။

 Palomares ဟာ သူရဲ့ဆန်းပြားတဲ့ ကော့တေးကို မဖန်တီးခင်မှာ တရန်ကျူလာအဆိပ်ရဲ့အရသာကို မြည်းစမ်းကြည့်ဖို့ မရဲတရဲနဲ့ ဆုံးဖြတ်လိုက်ပါတယ်။ Palomares ပြောပြတဲ့ တရန်ကျူလာအဆိပ်ရဲ့အရသာက ကရုကမာကောင်တွေရဲ့အရသာမျိုးလိုရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီအဆိပ်ရဲ့အရသာကို မြည်းစမ်းပြီးနောက်မှာတော့ Palomares လျှာဟာ ထုံကျင်လာခဲ့ပြီး သူရဲ့ပါးစပ်ထဲမှာ ပူစပ်ပူလောင် ဖြစ်လာခဲ့ရပါတယ်။



ဒီလိုနဲ့ Palomares ဟာ ကော့တေးရယ် ပင့်ကူအဆိပ်ရယ်ကို အချိုးကျကျ ပေါင်းစပ်ဖန်တီးခဲ့လိုက်ရာ တရန်ကျူလာအဆိပ်ကော့တေးဖျော်ရည်ကို ရရှိလာခဲ့ပါတယ်။ ဒီကော့တေးဟာ ဆရာဝန်များရဲ့ ထောက်ခံချက်ကို ရယူထားလို့ စိတ်ချလက်ချ သောက်သုံးနိုင်တာဖြစ်တဲ့အတွက် ကော့တေးအရသာဆန်းဆန်းကိုမှ သောက်သုံးချင်သူများအနေနဲ့ တရန်ကျူလာအဆိပ်ကော့တေးကို စမ်းသပ်သောက်သုံးကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။

  VitamiN

  #knowledge.thithtoolwin.com

   Ref: ODDIT
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment