သာမာန်မဟုတ်တဲ့ဖြစ်ရပ်များကို ဟာသနှောပြီး ပြုလုပ်ထားကြသူများရဲ့ဗီဒီယိုများကို စာဖတ်သူတွေ အင်တာနက်စာမျက်နှာများပေါ်ကနေ ကြည့်ရှုဖူးလိမ့်မယ်လို့ ထင်ပါတယ်။ အခုအခါမှာလည်း လူနောက်သုံးဦးဟာ မော်တော်ဆိုင်ကယ်ကို အသုံးပြုပြီး ခေါင်းလျှော်ခြင်းနဲ့ ဆံပင်အခြောက်ခံခြင်းများကို ကြံကြံဖန်ဖန် ပြုလုပ်ပြသွားခဲ့တဲ့ ဗီဒီယိုတစ်ခု ထပ်မံထွက်ပေါ်လာခဲ့ပါတယ်။
ဒီဗီဒီယိုကို ပြီးခဲ့တဲ့လလောက်က ရိုက်ကူးခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံ စီချွန်ဒေသက ရွာတစ်ရွာမှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဒီဗီဒီယိုထဲမှာ တရုတ်နိုင်ငံသား အမျိုးသားသုံးယောက်က မော်တော်ဆိုင်ကယ်တစ်စီးနဲ့ Hair Salon တစ်ခုကို ရောက်နေသလိုဖြစ်အောင် ဖန်တီးပြသွားခဲ့တာဖြစ်ပါတယ်။ ထိုအမျိုးသားများဟာ ဆိုင်ကယ်ရဲ့နောက်ဘီးကို ရေပုံးတစ်ပုံးပေါ်မှာ မဆိုသလောက်လေး တင်ထားခဲ့ပြီး သူတို့ရဲ့ကြံကြံဖန်ဖန် ပြုလုပ်မှုကို စတင်ခဲ့တာဖြစ်ပါတယ်။
အမျိုးသားသုံးဦးထဲက တစ်ဦးက ဆိုင်ကယ်မောင်းသူအဖြစ် တာဝန်ယူထားပြီး နောက်တစ်ဦးကတော့ ဆိုင်ကယ်ရဲ့အနောက်က သစ်သားပြားပေါ်မှာ မှောက်လျက်အနေအထားနဲ့ ခေါင်းလျှော်မယ့်သူအဖြစ် တာဝန်ယူထားကာ နောက်တစ်ဦးကတော့ ခေါင်းလျှော်ပေးမယ့်သူအဖြစ် အသီးသီးတာဝန်ယူထားကြတာဖြစ်ပါတယ်။
ဆိုင်ကယ်မောင်းမယ့်သူက ဆိုင်ကယ်ကို စက်နှိုးလိုက်တဲ့အခါ ရေပုံးပေါ်က ဆိုင်ကယ်နောက်ဘီးရဲ့ လည်ပတ်မှုကြောင့် သစ်သားပြားပေါ် လှဲအိပ်နေသူရဲ့ခေါင်းကို ရေတွေစိုရွှဲသွားခဲ့ပြီး ဘေးက ခေါင်းလျှော်ပေးမယ့်သူကလည်း ခေါင်းလျှော်ရည်များလောင်းပေးကာ ခေါင်းလျှော်ပေးခဲ့ပါတယ်။ အဲ့ဒီလို ခေါင်းလျှော်ပြီးနောက်မှာတော့ ဆိုင်ကယ်အိပ်ဇောပိုက်က ထွက်လာတဲ့အပူရှိန်တွေနဲ့ ခေါင်းလျှော်ပြီးသားလူရဲ့ ဆံပင်ကို အခြောက်ခံပြလိုက်ပါတယ်။ ဒီလို ဆိုင်ကယ်တစ်စီးနဲ့ ကြံကြံဖန်ဖန် ပြုလုပ်ပြခဲ့တဲ့ တရုတ်နိုင်ငံသားသုံးယောက်ရဲ့ ဟာသဗီဒီယိုဟာ လူမှုကွန်ယက်ပေါ်မှာ အတော်လေးကို လူကြိုက်များသွားခဲ့ရတယ်လို့ သိရှိရပါတယ်ခင်ဗျာ။
#knowledge.thithtoolwin.com
Ref
0 comments:
Post a Comment