ဆွတ်ဇာလန်နိုင်ငံက တောရွာလေးတစ်ရွာမှာ မွေးမြူထားတဲ့ နွားများထဲမှ နွား ၁၃ကောင်ဟာ အကြောင်းအရင်း တစ်စုံတစ်ရာမရှိပဲ နွားလှောင်ခြံထဲကနေ ရုတ်တရက်ခုန်ထွက်သွားပြီး ချောက်ကမ်းပါးစွန်းကနေ ခုန်ကူးခဲ့ရာ ချောက်ထဲပြုတ်ကျပြီး သေဆုံးသွားခဲ့ရတာကြောင့် နွားပိုင်ရှင်များမှာ ဇဝေဇဝါဖြစ်နေရပါတယ်။
ဒီလို ထူးခြားတဲ့ မတော်တဆဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ဆွတ်ဇာလန်နိုင်ငံ လီဗရွှန်ကျေးရွာလေးမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဘယ်လိုမှ ရှင်းချက်ထုတ်မရတဲ့ အကြောင်းအရင်းများကြောင့် နွား ၁၃ ကောင်ဟာ နွားခြံထဲကနေ ခုန်ပေါက်ပြေးလွှားခဲ့ပြီး ချောက်ကမ်းပါးစွန်းကနေ ခုန်ကူးသွားခဲ့ရာ မီတာငါးဆယ်လောက်နက်တဲ့ ချောက်ထဲကို ပြုတ်ကျခဲ့ပြီး နွား ၁၂ကောင်အထိ သေဆုံးသွားခဲ့ရကာ တစ်ကောင်ပဲ အသက်ရှင်သန်ခဲ့တာဖြစ်ပါတယ်။ နွားတွေဟာ ချောက်ကမ်းပါးရဲ့ တစ်ဖက်က နေရာဆီကို လှမ်းခုန်ကူးရင်းနဲ့ ချောက်ထဲကို ဒလိမ့်ကောက်ကွေး ပြုတ်ကျသွားခဲ့ရတာဖြစ်ပါတယ်။
နွားတွေဟာ ချောက်ကမ်းပါးကို မရောက်ခင်မှာ စားကျက်မြေထဲက ခြံစည်းရိုးနံရံများစွာကို ချိုးဖဲ့ဖျက်ဆီးသွားခဲ့တယ်လို့ ပြည်တွင်းမွေးမြူရေး အာမခံလုပ်ငန်းရဲ့ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ အခုလို နွားတွေ အလန့်တကြား နွားခြံထဲကနေ ခုန်ထွက်ပြေးသွားရတဲ့ အကြောင်းအရင်းထဲက ဖြစ်နိုင်ခြေတစ်ခုကတော့ သားရဲတိရစ္ဆာန်တစ်ကောင်ကောင် သို့မဟုတ် ခွေးတစ်ကောင်ကောင် ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်လျက်ရှိပါတယ်။
" သူတို့ကို တစ်ခုခုက အနှောင့်အယှက်ပြုခဲ့တာ ဖြစ်နိုင်ပါတယ်။ နွားတစ်ကောင် နှစ်ကောင် ဒီလိုပုံစံနဲ့ ချောက်ထဲပြုတ်ကျတာဆိုရင် မထူးဆန်းပါဘူး။ အခုဟာက နွား ၁၃ ကောင်တောင်ဆိုတော့ ဒီဖြစ်ရပ်က အတော်လေး ပဟေဠိဆန်ပြီး ထူးခြားနေရပါတယ်။ တစ်ခုခုရဲ့ တွန်းအားပေးမှုမပါပဲ သူတို့ကိုယ်တိုင် ချောက်ထဲခုန်ချသွားခဲ့တာတော့ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်လောက်ပါဘူး " လို့ မွေးမြူရေးသမားတစ်ဦးက ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်ခင်ဗျာ။
#knowledge.thithtoolwin.com
Ref: unexplained
0 comments:
Post a Comment