Powered by Blogger.

အတွဲမှားပြီး ဓါတ်ပုံရိုက်မိတဲ့ ဓါတ်ပုံဆရာတစ်ဦးရဲ့ အလွဲအချော်ဖြစ်ရပ်





 Pre Wedding Photos ဆိုတဲ့ မင်္ဂလာဆောင်အကြို ရိုက်ကူးကြတဲ့ ဓါတ်ပုံများဟာ ယခုခေတ်မှာ အတော်လေးကို ရေပန်းစားနေကြပါတယ်။ ဒီထက်ပိုပြီး ရေပန်းစားလာတာကတော့ မင်္ဂလာဆောင်ဖို့ လက်ထပ်ခွင့်တောင်းတဲ့ ကြည်နူးစရာ အခိုက်အတန့်လေးကို ဓါတ်ပုံရိုက်ကူးတာပဲဖြစ်ပါတယ်။ ဒီလို မင်္ဂလာမဆောင်ခင် အမှတ်တရလေးတွေကို အသက်သွင်းဖို့အတွက် အမျိုးသားတစ်ဦးက ဓါတ်ပုံဆရာ Jacob Peters ဆီမှာ လာရောက်အလုပ်အပ်သွားခဲ့ပါတယ်။

 ဒီအမျိုးသားက အထက်က ဖော်ပြခဲ့သလို သူ့ချစ်သူကောင်မလေးကို အရမ်းလှတဲ့ ရှုမျှော်ခင်းကြီးကို နောက်ခံထားပြီး လက်ထပ်ခွင့်တောင်းဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ ဒီလို လက်ထပ်ခွင့်တောင်းနေတဲ့ အခိုက်အတန့်တွေကို ဓါတ်ပုံဆရာ Jacob Peters က ဓါတ်ပုံမှတ်တမ်းတင်ပေးရမှာဖြစ်ပါတယ်။ ဒီလိုနဲ့ ဓါတ်ပုံရိုက်ရမယ့်နေ့ အရောက်မှာတော့ Peters က မနက်စောစောထားပြီး ဓါတ်ပုံရိုက်ယူရမယ့် တောင်ကုန်းလေရှိရာကို အချိန်စောစော သွားခဲ့ပါတယ်။

 တောင်ကုန်းလေးကို ရောက်သွားတဲ့အခါမှာတော့ Peters အရှေ့တည့်တည့် တောင်စောင်းလေးမှာ စုံတွဲတစ်တွဲကို တွေ့လိုက်ရပြီး Peters စိတ်ထဲမှာ ဒီစုံတွဲက သူ့ကိုအလုပ်အပ်တဲ့ စုံတွဲထင်ပြီး ဓါတ်ပုံရိုက်ကူးဖို့ စတင်ပြုလုပ်ပါတော့တယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ထိုအတွဲမှာလည်း Peters ရဲ့ဖောက်သည်လိုပင် လက်ထပ်ခွင့်တောင်းနေတာဖြစ်လို့ Peters မှာလည်း သူ့ဖောက်သည်ဆိုတာ သေချာပြီလို့ ဆုံးဖြတ်ချက်ချလိုက်ပြီး ဓါတ်ပုံများစွာကို ရိုက်ကူးလိုက်ပါတော့တယ်။ ဒီလိုနဲ့ပဲ Peters ရဲ့ အလုပ်ချိန်က ပြီးမြောက်သွားခဲ့ပါတယ်။

 တောင်အောက်ရောက်တဲ့အခါမှာတော့ ခုဏထဲက လိုင်းမမိတဲ့ဖုန်းက ပြန်လည်းလိုင်းဝင်လာခဲ့တဲ့အတွက် Peters မှာ သူ့ဖောက်သည်ဆီကို အရမ်းလှတဲ့ ဓါတ်ပုံတွေ အများကြီးရိုက်ကူးခဲ့ကြောင်း မက်ဆေ့ခ်ျရေးသားပေးပို့လိုက်ပါတယ်။ ထိုအချိန် Peters ဖောက်သည်ဆီက မက်ဆေ့ခ်ျတစ်စောင် ပြန်လာခဲ့ပြီး ဒီမက်ဆေ့ခ်ျထဲမှာ သူတို့က ချိန်းထားတဲ့နေရာကို လာတာနောက်ကျခဲ့ကြောင်း Peters ကိုလည်း မတွေ့ခဲ့ကြောင်း ရေးသားထားပါတယ်။ Peters လည်း သူ့ဖောက်သည်ရဲ့ မက်ဆေ့ခ်ျကြောင့် ဇောချွေးပြန်သွားရပါတယ်။

ဒီတောင်ကုန်းကိုလာဖို့ Peters အနေနဲ့ အသွားချည်းပဲ ခြောက်နာရီခွဲလောက် မောင်းနှင်ခဲ့ရပြီး လမ်းမှာလည်း ဆီဖိုးနဲ့ စားသောက်စရိတ် ဒေါ်လာလေးဆယ်ခန့် ကုန်ကျခဲ့ပါသေးတယ်။ ဒါနဲ့ Peters က သူမှားယွင်းပြီး ရိုက်ကူးခဲ့မိတဲ့ စုံတွဲတစ်တွဲကို အွန်လိုင်းကနေ ရှာပုံတော်ဖွင့်လိုက်ရာ ကံကောင်းထောက်မပြီး တွေ့ရှိသွားခဲ့ရပါတယ်။ အတွဲမှားပြီး ဓါတ်ပုံရိုက်ကူးမိတဲ့ Peters ရဲ့ တိုက်တိုက်ဆိုင်ဆိုင် အလွဲကတော့ အမှတ်ရစရာလေး ဖြစ်ခဲ့မှာ သေချာပါတယ်ခင်ဗျာ။

  VitamiN

#knowledge.thithtoolwin.com

 Ref: elitereaders

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment